Welcome you all to this site!

This site is to share knowledge of Buddhism particularly in Buddhist Holy Land of India as well as in Tai Buddhism.

Wednesday, October 17, 2012

ကမ္ဘာ့အကြီးဆုံး ကျောင်း


ကလေးများအတွက် ကျောင်းပထမဆုံး တက်ရသည့်နေ့မှာ ခြောက်ခြားဖွယ်ရာ ဖြစ်နေတတ်ပါသည်။ အကယ်၍သာ ကျောင်းသား လေးသောင်းရှိသည့် ကမ္ဘာ့အကြီးဆုံးကျောင်းသို့ စာသင်ယူရန် လာခဲ့ရပါမူ အသို့ရှိနေမည်ကို စဉ်းစားကြည့်စေလိုပါသည်။
ဂင်းနစ် ကမ္ဘာ့မှတ်တမ်းနောက်ဆုံး စံချိန်အရ အိန္ဒိယနိုင်ငံ၊ Lucknow မြို့၊ စီးတီးမွန်တက်ဆာရီယိုကျောင်း City Montessori School တွင် ကျောင်းသား ၃၉၄၃၇ ဦးမှာ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် တက်ရောက်လျက် ရှိနေသည်။
လက်ရှိတွင် ကျောင်းသား ၄၅၀၀၀ ဦး၊ ဆရာဆရာမ ၂၅၀၀ ဦး၊ ကွန်ပျူတာ အလုံး ၃၇၀၀၊ စာသင်ခန်းပေါင်း ၁၀၀၀ ရှိနေခဲ့သည်။ အလွန် ထူးချွန်လှသည့် ခရစ်ကတ်အသင်းတစ်သင်းလည်း ရှိနေပါသည်။
CMS ဟု လူသိများသည့် ကမ္ဘာ့အကြီးဆုံးကျောင်းကို ၁၉၅၉ ခုနှစ်တွင် Jagdish Gandhi နှင့် ဇနီးဖြစ်သူ Bharti တို့က ချေးငွေရူးပီး ၃၀၀ (၆ ဒေါ်လာ) ခန့်မျှဖြင့် ကျောင်းသား ငါးဦးနှင့် စတင်ခဲ့ခြင်းဖြစ်သည်။
ယနေ့တွင်မူ Uttar Pradesh ပြည်နယ်၊ Lucknow မြို့၏ နေရာ ၂၀ ခန့်တွင် ကျောင်းခွဲများ တည်ရှိနေပြီဖြစ်သည်။ စာမေးပွဲ ရလဒ်များနှင့် နိုင်ငံတကာ exchange programme များအတွက် နာမည် ရလျက်ရှိနေသည်။
အသက် ၇၅ နှစ်အရွယ် ကျောင်းတည်ထောင်ခဲ့သူ Jagdish Gandhi က ဤသို့ဆိုပါသည်။ “ကျွန်တော်တို့ရဲ့ ကျောင်းသားတွေဟာ ပညာရေး အင်မတန် ထူးချွန်ထက်မြက်ကြပါတယ်။ ကမ္ဘာနဲ့လည်း ထိတွေ့ဆက်ဆံခွင့်တွေ ပေးထားတယ်။ ဂင်းနစ် ကမ္ဘာ့စံချိန်တင်မှတ်တမ်းမှာ အကြီးဆုံးကျောင်းအနေနဲ့ ပါဝင်တာဟာ ကြည်နူးစရာပါ။ ဒါပေမဲ့ ကျောင်းဆိုတာ ကြီးတာ၊ သေးတာနဲ့ မဆိုင်ပါဘူး ”
အသက် ၃ နှစ်မှ ၁၇ နှစ် အရွယ်ထိ ကျောင်းသားကျောင်းသူတိုင်း ယူနီဖေါင်း ဆင်တူဝတ်ဆင်ကြရသည်။ အတန်းထဲတွင် ၄၅ ဦးခန့်ရှိနေတတ်သည်။ သို့သော် သူတို့အားလုံး ပါဝင်သည့် မနက်ခင်းစုစည်းမှု Assembly မှာတော့ မဖြစ်နိုင်ပါချေ။
အားကစားအသင်းအတွက် အတော်ဆုံးကို ရွေးချယ်ခွင့် ရှိနေကြောင်း ကာယဆရာ Raju Singh Chauhan က ရှင်းပြသည်။
၂၀၀၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ ကျောင်းသား ၂ သောင်းခန့်ရှိ Riza High School ကို ကျော်လွန်ပြီး ကျောင်းသား သုံးသောင်းဖြင့် ဂင်းနစ်စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အကြီးဆုံးတက္ကသိုလ်မှာလည်း အိန္ဒိယတွင်ရှိသော IGNOU တက္ကသိုလ်ဖြစ်သည်။ ကျောင်းသား ၄ သန်းအထိ ရှိနေလေသည်။
အစိုးရအကူအညီ မရရှိသေးသော CMS ကျောင်းအနေဖြင့် ကလေးတစ်ဦးလျှင် တလ- ရူပီးငွေ တစ်ထောင် (မြန်မာငွေ တစ်သောင်းငါးထောင်) ခန့် အနည်းဆုံး ကျောင်းလခ ပေးဆောင်ကြရသည်။ အတန်းကြီးများက မြန်မာငွေ ၂ သောင်း ၅ ထောင် ကျပ်ခန့်အထိ လစဉ်ပေးရသည်။
ဆင်းရဲနွမ်းပါးလှသည့် ဥတ္တပါရဒေ့ရှ်ပြည်နယ်တွင် ကျောင်းများ လွန်စွာ လိုအပ်လျက် ရှိနေဆဲဖြစ်သည်။
“ပညာ သင်ကြားပေးရတဲ့ ကျောင်းဆရာအလုပ်ဆိုတာ အင်မတန်မှ မြင့်မြတ်လှတဲ့ အလုပ်ဆိုတာကို ကျောင်းတော်က အသိအမှတ် ပြုထားတယ်။ ရိုးစင်း၊ ချို့တဲ့စွာနဲ့ စတင် တည်ထောင်ခဲ့ရာက အခုလို ကမ္ဘာက လေးစား အသိအမှတ်ပြုတာ ရရှိခြင်းဟာ စာသင်ကျောင်း သမိုင်းအတွက် အင်မတန်မှ ကြက်သရေ မင်္ဂလာရှိတဲ့ သမိုင်းပါ။” ဂင်းနစ်အယ်ဒီတာချုပ်က ရှင်းပြခဲ့သည်။
မြတ်ပန်းရှင်
မောက္ခနိုင်ငံတကာပညာရေး
Source: AFP